ရာသီဥတုက အေးရာကနေ ပူ၊ ပူရာကနေ အေး ဆိုပြီး ပြောင်းလဲလာတဲ့အခါတိုင်းမှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကလည်း လိုက်လျောညီထွေဖြစ်အောင် အပြောင်းအလဲတွေ လုပ်ဆောင်ရပါတယ်။ ဒီလိုအချိန်တွေမှာ အဖြစ်အများဆုံးနဲ့ သတိထားရမယ့် ရောဂါတစ်ခုကတော့ 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐳𝐚 လို့ခေါ်တဲ့ တုပ်ကွေးရောဂါပဲ ဖြစ်ပါတယ်။
🦠𝐈𝐧𝐟𝐥𝐮𝐞𝐧𝐳𝐚 ဆိုတာဟာ 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐳𝐚 ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးပါ။ သာမန်အအေးမိနှာစေးတာထက် ပိုမိုပြင်းထန်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေလည်း ဖြစ်နိုင်ခြေရှိပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ချောင်းဆိုး၊ နှာချေရာကနေ ထွက်လာတဲ့ အမှုန်အမွှားလေးတွေကနေတစ်ဆင့် အဓိက ကူးစက်ပြန့်ပွားပါတယ်။
❓ ရာသီအကူးအပြောင်းမှာ ဘာကြောင့်ပိုဖြစ်ပွားလေ့ရှိတာလဲဆိုတော့…..
ရာသီဥတုအပြောင်းအလဲမှာ လေထုစိုထိုင်းဆနဲ့ အပူချိန် အပြောင်းအလဲတွေကြောင့် 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐳𝐚 ဗိုင်းရပ်စ်တွေဟာ ပိုမိုရှင်သန်လွယ်ပြီး လေထဲမှာ အချိန်ကြာကြာ နေနိုင်ပါတယ်။ ရာသီဥတုအေးတဲ့အခါ ဒါမှမဟုတ် မိုးရွာတဲ့အခါ လူတွေက အပြင်မထွက်ဘဲ အလုံပိတ်အခန်းတွေထဲမှာ စုနေတတ်ကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ရောဂါကူးစက်ဖို့ ပိုလွယ်ကူစေပါတယ်။ ရာသီအပြောင်းအလဲမှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အနည်းငယ်ကျဆင်းနိုင်တာကြောင့် ရောဂါပိုးဝင်ရောက်ဖို့ အခွင့်အလမ်းပိုများပါတယ်။
🤧 အဓိက ရောဂါလက္ခဏာများကတော့
သာမန်အအေးမိတာနဲ့ တုပ်ကွေးလက္ခဏာတွေက ဆင်တူနိုင်ပေမယ့် တုပ်ကွေးက ပိုပြင်းထန်ပြီး ရုတ်တရက်စဖြစ်လေ့ရှိပါတယ်။
ရုတ်တရက် ကိုယ်ပူချိန်တက်ပြီး အဖျားကြီးခြင်း (𝟑𝟖°𝐂 အထက်)။
ခေါင်းကိုက်ခြင်း၊ မခံမရပ်နိုင်အောင် ကိုက်ခဲခြင်း။
ကြွက်သားများ နှင့် ကိုယ်လက်များ နာကျင်ကိုက်ခဲခြင်း။
ချမ်းတုန်ခြင်း။
ပင်ပန်းနွမ်းနယ်ပြီး အားမရှိသလိုဖြစ်ခြင်း။
ချောင်းခြောက်ဆိုးခြင်း။
လည်ချောင်းနာခြင်း။
နှာစေးခြင်း၊ နှာပိတ်ခြင်း။
ကလေးငယ်တွေမှာဆိုရင် အော့အန်ခြင်း၊ ဝမ်းသွားခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။
တုပ်ကွေးဖြစ်လာခဲ့ရင် တခြားသူတွေကို ရောဂါမကူးစက်စေဖို့နဲ့ ခန္ဓာကိုယ်မြန်မြန်နာလန်ထူဖို့ အိမ်မှာပဲ အနားယူပါ။
ရေ၊ စွပ်ပြုတ်၊ သစ်သီးဖျော်ရည် စတဲ့ အရည်တွေများများသောက်ပြီး ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ပါ။
အိပ်စက်အနားယူခြင်းက ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ရောဂါကို တိုက်ထုတ်နိုင်အောင် ကူညီပေးပါတယ်။
ကိုယ့်သဘောနဲ့ကိုယ် ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) တွေ လုံးဝမသောက်ပါနဲ့။ တုပ်ကွေးဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ ပဋိဇီဝဆေးတွေက မထိရောက်ပါဘူး။ ဆရာဝန်ညွှန်ကြားတဲ့ အဖျားကျဆေး၊ ကိုက်ခဲပျောက်ဆေးတွေကိုသာ သောက်သုံးပါ။💊
ရာသီအကူးအပြောင်းကာလမှာ 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐳𝐚 (တုပ်ကွေး) ဟာ အဖြစ်များပေမယ့် တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ခြင်း၊
ကိုယ်ခံအားကောင်းအောင်နေထိုင်ခြင်းနဲ့ ကာကွယ်ဆေးထိုးခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။👨⚕️
မိမိကိုယ်တိုင်ရော မိသားစုဝင်တွေပါ ကျန်းမာရေးကို ဂရုစိုက်ပြီး ရာသီအပြောင်းအလဲကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ကြပါစေ။🙆♀️