အူရောင်ငန်းဖျားရောဂါဆိုတာ 𝐒𝐚𝐥𝐦𝐨𝐧𝐞𝐥𝐥𝐚 𝐓𝐲𝐩𝐡𝐢 လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အဓိကအားဖြင့် မသန့်ရှင်းတဲ့ အစားအစာတွေ၊ ရေတွေကို စားသုံးမိရာကနေ ကူးစက်တတ်ပါတယ်။ ဒီဘက်တီးရီးယားပိုးဟာ လူ့ခန္ဓာကိုယ်ထဲမှာပဲ ရှင်သန်ပေါက်ပွားနိုင်တာကြောင့် လူတစ်ဦးကနေတစ်ဦးကိုသာ ကူးစက်နိုင်ပါတယ်။
အဓိက ကူးစက်နည်းကတော့
- ရောဂါရှိနေသူရဲ့ ဆီး၊ ဝမ်းနဲ့ ထိတွေ့ထားတဲ့ မသန့်ရှင်းတဲ့ ရေနှင့်အစာတွေကို စားမိတာကနေ ကူးစက်ပါတယ်။
- ရေညစ်ညမ်းတဲ့၊ ယင်ကောင်ပေါများတဲ့ မိုးရာသီမှာ ဒီရောဂါပိုးတွေ ပျံနှံ့လွယ်လို့ အဖြစ်များပြီး အခန့်မသင့်ရင် အသက်အန္တရာယ်အထိ ရှိနိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး ၁ ပတ်မှ ၃ ပတ် အတွင်းမှာ လက္ခဏာတွေ စတင်ပြသတတ်ပါတယ်။
ရောဂါလက္ခဏာတွေကတော့ - နေ့ခင်းဘက်မှာ အဖျားငွေ့ငွေ့ကနေစပြီး ညအချိန်မှာ ကိုယ်အပူချိန်က တောက်လျှောက် တက်တက်လာပါတယ်။
- ခေါင်းကိုက်တာ၊ ရင်တုန်တာ၊ မောတာ၊ အနီစက်တွေထွက်တာ၊ ဗိုက်နာတာ၊ ဝမ်းပျက်(သို့)ဝမ်းချုပ်တာတွေ ဖြစ်ပါတယ်။
- လျှာတွေဖြူနေပြီး အစားအသောက်ပျက်ပါမယ်။
- ရောဂါလက္ခဏာတွေက အချိန်(၁)ပတ်ထက် ပိုကြာတတ်ပါတယ်။
- ရောဂါပိုးတွေက အူလမ်းကြောင်းထဲမှာ အကွက်ကလေးတွေလို စုစုပြီးနေရင်းကနေ ပွားများလာတော့ အူနံရံတွေပါးလာပါတယ်။
(တိုက်ဖွိုက်ဖြစ်နေချိန်မှာ အစာမာမာတွေစားလို့မရပါဘူး။)
ရောဂါပြင်းထန်လာလျှင် ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ ပန်းရောင်အစက်များ (𝐑𝐨𝐬𝐞 𝐬𝐩𝐨𝐭𝐬) ပေါ်လာတတ်ပါတယ်။
အချိန်မီ ကုသမှုမခံယူပါက အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပွားနိုင်ပါတယ်။
ဥပမာအနေဖြင့်
အူပေါက်ခြင်း (𝐈𝐧𝐭𝐞𝐬𝐭𝐢𝐧𝐚𝐥 𝐏𝐞𝐫𝐟𝐨𝐫𝐚𝐭𝐢𝐨𝐧)
အူအတွင်း သွေးယိုခြင်း (𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥 𝐁𝐥𝐞𝐞𝐝𝐢𝐧𝐠)
အဆုတ်ရောင်ခြင်း၊ နှလုံးကြွက်သားရောင်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
အူရောင်ငန်းဖျားရောဂါကို ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) များနဲ့ ကုသရပါတယ်။
ဆရာဝန်ညွှန်ကြားတဲ့ ဆေးကို သတ်မှတ်ထားတဲ့ ရက်ပြည့်အောင် သောက်ဖို့ အလွန်အရေးကြီးပါတယ်။ ရောဂါသက်သာသွားသလို ခံစားရရင်တောင် ဆေးကိုရပ်မပစ်သင့်ပါဘူး။
ရေဓာတ်ပြည့်ဝအောင် ရေ၊ ဓာတ်ဆားရည်များများ သောက်ပါ။
ပြည့်ဝစွာ အနားယူပါ။
အစာကြေလွယ်တဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသုံးပါ။
𝐓𝐲𝐩𝐡𝐨𝐢𝐝 𝐅𝐞𝐯𝐞𝐫ကို ကာကွယ်ဆေးထိုးထားလို့ ရပါတယ်။ - ရောဂါထူနေတဲ့ဒေသကို မသွားခင် (၁)ပတ်၊ (၂)ပတ်ကြိုပြီး ထိုးနိုင်ပါတယ်။
⚠️ ဒါပေမယ့် ၅၀% မှ ၈၀%အထိပဲ ထိရောက်မှုရှိလို့ ကာကွယ်ရေးနည်းလမ်းတွေကိုပဲ အဓိကလိုက်နာတာ အကောင်းဆုံးပါပဲ။ - မသန့်ရှင်းတဲ့ အစားအစာ၊ ယင်နားစာများကို မစားမိအောင် သတိပြုပါ။
- ပူပူနွေးနွေးစားသုံးပါ။ ရေကိုကြိုချက်ပြီးသောက်ပါ။
- လက်ကိုမကြာခဏ ဆေးကြောပါ။
- အိမ်သန့်ရှင်းရေးလုပ်ပါ။ ယင်ကောင်၊ ပိုးဟပ်၊ ကြွက်များ မရှိအောင် ရှင်းလင်းပါ။
- အိုးခွက်ပန်းကန်များဆေးခြင်း၊ အိမ်သာ၊ တံခါးလက်ကိုင်များ၊ မီးခလုတ်များ၊ လှေခါးလက်ရန်းများကို သန့်ရှင်းရေးလုပ်ပေးပါ။
- ရောဂါဖြစ်နေချိန်မှာ အစားအစာတွေကို ကိုင်တွယ်ချက်ပြုတ်တာမျိုး မလုပ်သင့်ပါဘူးနော်။



