ဒီရက်ပိုင်း ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုညွှန်းကိန်း (AQI) ဟာ ကျန်းမာရေးအတွက် စိုးရိမ်ရတဲ့အဆင့်မှာ ရှိနေပါတယ်။ မြင်ရတဲ့ မြူနှင်းတွေဟာ ရိုးရိုးနှင်းတွေမဟုတ်ဘဲ လူကို ဒုက္ခပေးနိုင်တဲ့ မီးခိုးနဲ့ ဖုန်မှုန့်အမှုန်အမွှားတွေ ဖြစ်နေတာကြောင့် အောက်ပါအချက်တွေကို အထူးဂရုပြု လိုက်နာကြဖို့ တိုက်တွန်းပါရစေ။
🏠 ၁။ အတတ်နိုင်ဆုံး အိမ်မှာပဲ နေထိုင်ပါ
လေထုအရည်အသွေး မကောင်းတဲ့အချိန်မှာ အပြင်ထွက်ခြင်းကို လျှော့ချပါ။ အထူးသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူများ အိမ်ထဲမှာပဲ နေထိုင်ခြင်းက အကောင်းဆုံး ကာကွယ်မှုဖြစ်ပါတယ်။
😷 ၂။ အပြင်ထွက်လျှင် Mask တပ်ပါ
မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် ဖုန်မှုန့်နဲ့ အမှုန်အမွှားတွေကို ကာကွယ်နိုင်တဲ့ Mask များကို စနစ်တကျ တပ်ဆင်ပါ။ သာမန် Mask ထက်စာရင် N95 လိုမျိုး Mask တွေက ပိုမိုထိရောက်ပါတယ်။
📱 ၃။ Air Quality Index (AQI) ကို အမြဲစစ်ဆေးပါ
အပြင်မထွက်ခင် မိမိရောက်ရှိနေတဲ့ နေရာရဲ့ လေထုအခြေအနေကို ဖုန်းထဲက App တွေ (ဥပမာ- IQAir) မှာ အမြဲစစ်ဆေးကြည့်ပါ။ အနီရောင် (သို့မဟုတ်) ခရမ်းရောင်အဆင့် ပြနေရင် အပြင်ထွက်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။
💧 ၄။ ရေများများသောက်ပါ
ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့နဲ့ လည်ချောင်းခြောက်သွေ့တာတွေကို သက်သာစေဖို့ ရေကို ပုံမှန်ထက် ပိုသောက်ပေးပါ။
✨ ၅။ နေထိုင်ရာ ပတ်ဝန်းကျင်လေထုကို သန့်ရှင်းအောင် ထားပါ
အိမ်တွင်းမှာ Air Purifier (လေသန့်စင်စက်) များ အသုံးပြုပါ။ အပြင်က လေထုညစ်ညမ်းမှုတွေ အိမ်ထဲမဝင်နိုင်အောင် ပြတင်းပေါက်တွေကို ပိတ်ထားပြီး မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ အမှိုက်ရှို့တာမျိုးတွေကိုလည်း ဝိုင်းဝန်းရှောင်ကြဉ်ကြပါစို့။
ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ပြီး အားလုံးပဲ ဘေးကင်းကြပါစေ။ 🙏