𝐇. 𝐩𝐲𝐥𝐨𝐫𝐢 (𝐇𝐞𝐥𝐢𝐜𝐨𝐛𝐚𝐜𝐭𝐞𝐫 𝐩𝐲𝐥𝐨𝐫𝐢) ဆိုတာ အစာအိမ်ရဲ့ အတွင်းနံရံမှာ ရှင်သန်ပေါက်ဖွားနိုင်တဲ့ ဘက်တီးရီးယားပိုးတစ်မျိုး ဖြစ်ပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်လောက်မှာ ဒီပိုးရှိနေနိုင်ပေမယ့် လူတိုင်းမှာတော့ ရောဂါလက္ခဏာ မပြတတ်ပါဘူး။ ဒါပေမဲ့ တချို့လူတွေအတွက်တော့ အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်းကနေ အစာအိမ်ကင်ဆာအထိ ဖြစ်ပွားစေနိုင်တဲ့ အဓိကတရားခံတစ်ခု ဖြစ်ပါတယ်။
ဘယ်လိုကူးစက်နိုင်သလဲ?
𝐇. 𝐩𝐲𝐥𝐨𝐫𝐢 ပိုးဟာ အဓိကအားဖြင့် အောက်ပါနည်းလမ်းတွေနဲ့ ကူးစက်နိုင်ပါတယ်။
ညစ်ညမ်းသော အစားအစာနှင့် ရေ ဒါမှမဟုတ် သေချာမကျက်သေးတဲ့ အစားအစာတွေ စားသုံးမိရာကနေ ကူးစက်နိုင်ပါတယ်။ တံတွေး၊ အာခံတွင်းမှတစ်ဆင့် (ဥပမာ- အိုးခွက်၊ ပန်းကန်၊ ဇွန်း မျှဝေသုံးစွဲခြင်း)။ မသန့်ရှင်းသော လက်များမှတစ်ဆင့်။ ပိုးရှိသူရဲ့ မစင်၊ အန်ဖတ်တို့နဲ့ ထိတွေ့မိရာကနေလည်း ကူးစက်နိုင်ပါတယ်။
ဖြစ်တတ်သော ရောဂါလက္ခဏာများတွေကတော့ ![]()
![]()
𝐇. 𝐩𝐲𝐥𝐨𝐫𝐢 ပိုးရှိတဲ့လူအများစုဟာ လက္ခဏာမပြတတ်ပါဘူး။ ဒါပေမဲ့ အစာအိမ်နံရံကို ပိုးက တိုက်ခိုက်ပြီး ရောင်ရမ်းလာတဲ့အခါ အောက်ပါလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း- အထူးသဖြင့် ဗိုက်အပေါ်ပိုင်းမှာ ပူစပ်ပူလောင်ဖြစ်ပြီး နာကျင်ခြင်း။ အစာမရှိချိန် (ဗိုက်ဆာချိန်) မှာပိုဆိုးတတ်ပါတယ်။
လေပွခြင်း၊ လေထိုးခြင်း။
မကြာခဏ လေချဉ်တက်ခြင်း။
ပျို့အန်ခြင်း။
အစာစားချင်စိတ် မရှိခြင်း။
ကိုယ်အလေးချိန် ကျဆင်းသွားခြင်း စတဲ့လက္ခဏာများဖြစ်ပေါ်တတ်ပါတယ်။
𝐇. 𝐩𝐲𝐥𝐨𝐫𝐢 ပိုးကို သေချာမကုသဘဲထားရင် အောက်ပါ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါတယ်။![]()
![]()
![]()
အစာအိမ်ရောင်ခြင်း (𝐆𝐚𝐬𝐭𝐫𝐢𝐭𝐢𝐬): အစာအိမ်အတွင်းသားတွေ ရောင်ရမ်းပြီး နာကျင်စေပါတယ်။ အစာအိမ်နှင့် အူသိမ်ဦးပိုင်းအနာ (𝐏𝐞𝐩𝐭𝐢𝐜 𝐔𝐥𝐜𝐞𝐫𝐬): အစာအိမ်နဲ့ အူသိမ်မှာ အနာတွေဖြစ်စေပြီး သွေးထွက်ခြင်း၊ အစာအိမ်ပေါက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
အစာအိမ်ကင်ဆာ (𝐒𝐭𝐨𝐦𝐚𝐜𝐡 𝐂𝐚𝐧𝐜𝐞𝐫): 𝐇. 𝐩𝐲𝐥𝐨𝐫𝐢 ပိုးဟာ အစာအိမ်ကင်ဆာဖြစ်စေနိုင်တဲ့ အဓိက 𝐑𝐢𝐬𝐤 𝐅𝐚𝐜𝐭𝐨𝐫 တစ်ခုဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။ ပိုးရှိသူတိုင်း ကင်ဆာမဖြစ်ပေမယ့် ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ဆရာဝန်တွေက 𝐇. 𝐩𝐲𝐥𝐨𝐫𝐢 ပိုးရှိ၊ မရှိကို အောက်ပါနည်းလမ်းတွေနဲ့ စစ်ဆေးလေ့ရှိပါတယ်။ 𝐔𝐫𝐞𝐚 𝐁𝐫𝐞𝐚𝐭𝐡 𝐓𝐞𝐬𝐭 (လေမှုတ်စစ်ဆေးခြင်း): ဆေးရည်တစ်မျိုးကို သောက်ပြီးနောက် လေကိုအိတ်ထဲ မှုတ်ထုတ်ကာ စစ်ဆေးတဲ့နည်းပါ။ အလွယ်ကူဆုံးနဲ့ အသုံးအများဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
𝐒𝐭𝐨𝐨𝐥 𝐀𝐧𝐭𝐢𝐠𝐞𝐧 𝐓𝐞𝐬𝐭 (ဝမ်းစစ်ဆေးခြင်း): ဝမ်းနမူနာထဲမှာ ပိုးရဲ့ 𝐀𝐧𝐭𝐢𝐠𝐞𝐧 ရှိ၊ မရှိ စစ်ဆေးတာပါ။
𝐁𝐥𝐨𝐨𝐝 𝐓𝐞𝐬𝐭 (သွေးစစ်ဆေးခြင်း): သွေးထဲမှာ ပိုးကိုတိုက်ထုတ်တဲ့ 𝐀𝐧𝐭𝐢𝐛𝐨𝐝𝐲 ရှိ၊ မရှိ စစ်ဆေးတာပါ။
ဒါပေမဲ့ ဒီနည်းက လက်ရှိပိုးရှိနေတာလား၊ အရင်ကဖြစ်ဖူးတာလားဆိုတာကို တိတိကျကျ မခွဲခြားနိုင်ပါဘူး။
𝐄𝐧𝐝𝐨𝐬𝐜𝐨𝐩𝐲 (အစာအိမ်ကြည့်မှန်ပြောင်းကြည့်ရှုခြင်း): ပါးစပ်ကနေ မှန်ပြောင်းထည့်ပြီး အစာအိမ်အတွင်းပိုင်းကို တိုက်ရိုက်ကြည့်ရှုကာ လိုအပ်ပါက အသားစယူပြီး (𝐁𝐢𝐨𝐩𝐬𝐲) စစ်ဆေးတဲ့နည်းပါ (အတိကျဆုံးနည်းလမ်းဖြစ်ပါတယ်)။
𝐇. 𝐩𝐲𝐥𝐨𝐫𝐢 ပိုးကို ကုသရာမှာ-
ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬): ပိုးကိုသေစေဖို့ အနည်းဆုံး ပဋိဇီဝဆေး (၂) မျိုးကို တစ်ပြိုင်နက် ပေးလေ့ရှိပါတယ်။ (ဥပမာ- 𝐂𝐥𝐚𝐫𝐢𝐭𝐡𝐫𝐨𝐦𝐲𝐜𝐢𝐧, 𝐀𝐦𝐨𝐱𝐢𝐜𝐢𝐥𝐥𝐢𝐧, 𝐌𝐞𝐭𝐫𝐨𝐧𝐢𝐝𝐚𝐳𝐨𝐥𝐞)
အက်စစ်လျှော့ဆေး (𝐏𝐫𝐨𝐭𝐨𝐧 𝐏𝐮𝐦𝐩 𝐈𝐧𝐡𝐢𝐛𝐢𝐭𝐨𝐫𝐬 – 𝐏𝐏𝐈𝐬): အစာအိမ်က အက်စစ်ထွက်တာကို လျှော့ချပေးတဲ့ဆေးပါ။ ဒီဆေးက အစာအိမ်အနာကို ကျက်စေပြီး ပဋိဇီဝဆေးတွေရဲ့ အာနိသင်ကို ပိုကောင်းစေပါတယ်။ (ဥပမာ- 𝐎𝐦𝐞𝐩𝐫𝐚𝐳𝐨𝐥𝐞, 𝐋𝐚𝐧𝐬𝐨𝐩𝐫𝐚𝐳𝐨𝐥𝐞)
များသောအားဖြင့် ပိုးသတ်ဆေးများကို (၂) ပတ်အထိ နေ့စဉ်ပုံမှန် သောက်ရပါတယ်။
သတိထားရမယ့် ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကို အကုန်ကုန်အောင် သောက်ဖို့ အလွန်အရေးကြီးပါတယ်။ ရောဂါလက္ခဏာ သက်သာသွားပေမယ့် ဆေးကိုရပ်လိုက်ရင် ပိုးတွေပြန်ပွားပြီး ဆေးယဉ်ပါးမှု ဖြစ်နိုင်ပါတယ်။ 𝐇. 𝐩𝐲𝐥𝐨𝐫𝐢 ပိုးဟာ အဖြစ်များပြီး ကုသလို့ရတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အကယ်၍ သင့်မှာ အစာအိမ်နဲ့ပတ်သက်တဲ့ နာတာရှည် လက္ခဏာတွေ (ဥပမာ- မကြာခဏ ဗိုက်အောင့်ခြင်း၊ လေပွခြင်း) ရှိနေပါက မိမိသဘောဖြင့် ဆေးများဝယ်မသောက်ဘဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။ မှန်ကန်တဲ့ ကုသမှုက နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။